မြတ်စွာဘုရား၏ သတ္တဝါတို့ အလိုဆန္ဒနှင့် အနုသယကို သိသော အာသယာနုသယဉာဏ် သည် အဘယ်နည်း။
ဤသာသနာတော်၌
မြတ်စွာဘုရားသည် သတ္တဝါတို့၏ အလိုကို သိတော်မူ၏။ အနုသယကို သိတော်မူ၏။
စရိုက်ကို သိတော်မူ၏။ နှလုံးသွင်းခြင်းကို သိတော်မူ၏။ ကျွတ်ထိုက်သော သတ္တဝါ၊
မကျွတ်ထိုက်သော သတ္တဝါတို့ကို သိတော်မူ၏။
သတ္တဝါတို့၏ အလိုအာသယဟူသည် အဘယ်နည်း။
''လောကသည်
မြဲ၏''ဟူ၍လည်းကောင်း၊ ''လောကသည် မမြဲ''ဟူ၍လည်းကောင်း၊ ''လောကသည်
အဆုံးရှိ၏''ဟူ၍လည်းကောင်း၊ ''လောကသည် အဆုံးမရှိ''ဟူ၍လည်းကောင်း၊
''ထိုအသက်သည်ပင် ထို ကိုယ် မည်၏''ဟူ၍လည်းကောင်း၊ ''အသက်တစ်ခြား
ကိုယ်တစ်ခြား''ဟူ၍လည်းကောင်း၊ ''သတ္တဝါသည် သေပြီးနောက်
ဖြစ်သေး၏''ဟူ၍လည်းကောင်း၊ ''သတ္တဝါသည် သေပြီးနောက် မဖြစ်''ဟူ၍လည်းကောင်း၊
''သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်း ရှိ၏၊ မဖြစ်သည်လည်း
ရှိ၏''ဟူ၍လည်းကောင်း ''သတ္တဝါ သည် သေပြီးနောက် ဖြစ်သည်လည်း မဟုတ်၊
မဖြစ်သည်လည်း မဟုတ်''ဟူ၍လည်းကောင်း ဤသို့ ဘဝဒိဋ္ဌိဟူသော (သဿတ) ဒိဋ္ဌိကိုမှီသော
သတ္တဝါတို့သည်လည်း ဖြစ်ကုန်၏။ ဝိဘဝဒိဋ္ဌိဟူသော (ဥစ္ဆေဒ) ဒိဋ္ဌိ ကိုမှီသော
သတ္တဝါတို့သည်လည်း ဖြစ်ကုန်၏။
ထို
သဿတ၊ ဥစ္ဆေဒဟူသောနှစ်ဖို့နှစ်စုကို မကပ်ငြိဘဲ အကြောင်းကို စွဲ၍
အကျိုးဖြစ်၏ဟူသော ပဋိစ္စသမုပ္ပါဒ်တရားတို့၌ လျော်သော ဉာဏ်ကိုလည်း
ရအပ်၏။ဟုတ်မှန်သောအတိုင်း ဉာဏ်လည်း ဖြစ်၏။
ကာမကို မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် ကာမကို အလေးပြု၏၊ ကာမလျှင် မှီဝဲရာ ရှိ၏၊ ကာမကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
ကာမကို
မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် ဈာန်ကို အလေးပြု၏၊
ဈာန်လျှင် မှီဝဲရာ ရှိ၏၊ ဈာန်ကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
ဈာန်ကို
မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် ဈာန်ကို အလေးပြု၏၊
ဈာန်လျှင် မှီဝဲရာ ရှိ၏၊ ဈာန်ကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
ဈာန်ကို မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် ကာမကို အလေးပြု၏၊ ကာမလျှင် မှီဝဲရာ ရှိ၏၊ ကာမကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
ဒေါသကို မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် ဒေါသကို အလေးပြု၏၊ ဒေါသလျှင် မှီဝဲရာ ရှိ၏၊ ဒေါသကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
ဒေါသကို
မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် မေတ္တာကို အလေးပြု၏၊
မေတ္တာလျှင် မှီဝဲ ရာရှိ၏၊ မေတ္တာကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
မေတ္တာကို
မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် မေတ္တာကို အလေးပြု၏၊
မေတ္တာလျှင် မှီဝဲ့ရာရှိ၏၊ မေတ္တာကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
မေတ္တာကို
မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် ဒေါသကို အလေးပြု၏၊ ဒေါသလျှင်
မှီဝဲ ရာရှိ၏၊ ဒေါသကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
ထိနမိဒ္ဓကို
မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် ထိနမိဒ္ဓကို အလေးပြု၏၊
ထိနမိဒ္ဓလျှင် မှီဝဲရာရှိ၏၊ ထိနမိဒ္ဓကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
ထိနမိဒ္ဓကို
မှီဝဲသောပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် အာလောကသညာကို အလေးပြု၏၊
အာလောကသညာလျှင် မှီဝဲရာရှိ၏၊ အာလောကသညာကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
အာလောကသညာကို
မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် အာလောကသညာကို အလေး ပြု၏၊
အာလောကသညာလျှင် မှီဝဲရာရှိ၏၊ အာလောကသညာကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
အာလောကသညာကို
မှီဝဲသော ပုဂ္ဂိုလ်ကိုပင်လျှင် ''ဤပုဂ္ဂိုလ်သည် ထိနမိဒ္ဓကို အလေးပြု၏၊
ထိနမိဒ္ဓလျှင် မှီဝဲရာရှိ၏၊ ထိနမိဒ္ဓကိုနှလုံးသွင်း၏''ဟု သိတော်မူ၏။
ဤဆိုခဲ့ပြီးသည်ကား သတ္တဝါတို့၏ အလိုအာသယတည်း။
သတ္တဝါတို့၏ အနုသယဟူသည် အဘယ်နည်း။
ကာမရာဂါနုသယ၊ ပဋိဃာနုသယ၊ မာနာနုသယ၊ ဒိဋ္ဌာနုသယ၊ ဝိစိကိစ္ဆာနုသယ၊ ဘဝရာဂါနုသယ၊ အဝိဇ္ဇာနုသယ၊ ဤခုနစ်ပါးတို့တည်း။
လောက၌ ချစ်အပ်သာယာအပ်သော သဘောရှိသော ဣဋ္ဌာရုံ၌ သတ္တဝါတို့၏ ကာမရာဂါနုသယသည် ကိန်း၏။
လောက၌
မချစ်အပ် မသာယာအပ်သော သဘောရှိသော အနိဋ္ဌာရုံ၌ သတ္တဝါတို့၏ ပဋိဃာနုသယ သည်
ကိန်း၏။ ဤသို့ ဤနှစ်ပါးသော အနုသယတရားတို့၌ အဝိဇ္ဇာသည် အစဉ်လိုက်၏။
ထိုအဝိဇ္ဇာနှင့် တစ်ပေါင်းတည်းဖြစ်သော မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာတို့ကိုလည်း
မှတ်အပ်၏။ ဤဆိုခဲ့ပြီးသည်ကား သတ္တဝါ တို့၏ အနုသယတည်း။
သတ္တဝါတို့၏ စရိုက်သည် အဘယ်နည်း။
ကာမဘုံ
သို့မဟုတ် မဟဂ္ဂုတ်ဘုံ၌ဖြစ်သော ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္ဇာဘိသင်္ခါရ၊
ဤသုံးမျိုးတို့တည်း။ ဤဆိုခဲ့ပြီးသည်ကား သတ္တဝါတို့၏ စရိုက်တည်း။
သတ္တဝါတို့၏နှလုံးသွင်းခြင်းဟူသည် အဘယ်နည်း။
ယုတ်သောနှလုံးသွင်းရှိသော
သတ္တဝါတို့သည် ရှိကုန်၏။ မြတ်သောနှလုံးသွင်းရှိသော သတ္တဝါ တို့သည် ရှိကုန်၏။
ယုတ်သောနှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သောနှလုံးသွင်းရှိသော
သတ္တဝါတို့ကို မှီဝဲဆည်းကပ် မှီခိုကုန်၏။ မြတ်သောနှလုံးသွင်းရှိသော
သတ္တဝါတို့သည် မြတ်သောနှလုံးသွင်းရှိသော သတ္တဝါတို့ကို မှီဝဲဆည်းကပ်
မှီခိုကုန်၏။
အတိတ်အခါ၌လည်း
ယုတ်သောနှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သောနှလုံးသွင်းရှိသော
သတ္တဝါတို့ကို မှီဝဲဆည်းကပ် မှီခိုကုန်၏။ မြတ်သောနှလုံးသွင်းရှိသော
သတ္တဝါတို့သည် မြတ်သောနှလုံး သွင်းရှိသော သတ္တဝါတို့ကို မှီဝဲဆည်းကပ်
မှီခိုကုန်၏။
အနာဂတ်အခါ၌လည်း
ယုတ်သောနှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သောနှလုံးသွင်းရှိသော
သတ္တဝါတို့ကို မှီဝဲဆည်းကပ် မှီခိုကုန်လတ္တံ့။ မြတ်သောနှလုံးသွင်းရှိသော
သတ္တဝါတို့သည် မြတ်သောနှလုံးသွင်းရှိသော သတ္တဝါတို့ကို မှီဝဲဆည်းကပ်
မှီခိုကုန်လတ္တံ့။
ဤဆိုခဲ့ပြီးသည်ကား သတ္တဝါတို့၏နှလုံးသွင်းခြင်းတည်း။
မကျွတ်ထိုက်သော သတ္တဝါတို့သည် အဘယ်တို့နည်း။
ကံ၊
ကိလေသာ၊ ဝိပါက်၁ဟူသော တားမြစ်ခြင်းနှင့် ပြည့်စုံကုန်၏။
ယုံကြည်မှုကင်းကုန်၏။ ကုသိုလ့်အလိုဆန္ဒမှ ကင်းကုန်၏။ ပညာမရှိကုန်။
ကုသိုလ်တရားတို့၌ သမ္မတ္တနိယာမဟု ဆိုအပ်သော အရိယမဂ် သို့ သက်ခြင်းငှါ
မထိုက်ကုန်။ ဤသတ္တဝါတို့သည် မကျွတ်ထိုက်သော သတ္တဝါတို့တည်း။
ကျွတ်ထိုက်သော သတ္တဝါတို့သည် အဘယ်တို့နည်း။
ကံ၊
ကိလေသာ၊ ဝိပါက်ဟူသော တားမြစ်ခြင်းနှင့် မပြည့်စုံကုန်။ ယုံကြည်မှုရှိကုန်၏။
ကုသိုလ် ဆန္ဒရှိကုန်၏။ ပညာရှိကုန်၏။ ကုသိုလ်တရားတို့၌ သမ္မတ္တနိယာမဟု
ဆိုအပ်သော အရိယမဂ်သို့ သက်ခြင်းငှါ ထိုက်ကုန်၏။ ဤသတ္တဝါတို့သည်
ကျွတ်ထိုက်သော သတ္တဝါတို့တည်း။
ဤဆိုအပ်ပြီးသည်ကား မြတ်စွာဘုရား၏ သတ္တဝါတို့ အလိုဆန္ဒ အာသယနှင့်အနုသယကို သိသော အာသယာနုသယ ဉာဏ်မည်၏။
No comments:
Post a Comment