အရောင်အလင်း၏
အစွမ်းအားဖြင့် ထူးခြားသော၊ တူညီသော ရူပနိမိတ်တို့ကို ရှုမြင်ခြင်း၌
ဖြစ်သောပညာသည် အဘယ်သို့လျှင် ဒိဗ္ဗစက္ခုဉာဏ် မည်သနည်း။
ဤသာသနာတော်၌
ရဟန်းသည် ဆန္ဒကြီးမှူး၍ သမာဓိပြဋ္ဌာန်းလျက် ဝီရိယစေတသိက်နှင့် ပြည့်စုံ သော
ဣဒ္ဓိပါဒ်ကို ပွါးစေ၏။ ဝီရိယကြီးမှူး၍ သမာဓိ။ပ။ စိတ်ကြီးမှူး၍ သမာဓိ။ပ။
ပညာကြီးမှူး၍ သမာဓိပြဋ္ဌာန်းလျက် ဝီရိယစေတသိက်နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို
ပွါးစေ၏။
ထိုသူသည်
ဤလေးပါးသော ဣဒ္ဓိပါဒ်တို့၌ စိတ်ကို ထက်ဝန်းကျင်မှ ပွါးစေ၏။ ဆုံးမ၏။နူးညံ့
အောင် ပြု၏။ အမှု၌ခံ့အောင် ပြု၏။ ထိုသူသည် ဤလေးပါးသော ဣဒ္ဓိပါဒ်တို့၌ စိတ်ကို
ထက်ဝန်းကျင်မှ ပွါးစေ၍၊ ဆုံးမ၍၊နူးညံ့အောင်ပြု၍၊ အမှု၌ ခံ့အောင်ပြု၍
အရောင်အလင်း အမှတ်အသား 'အာလောက သညာ'ကိုနှလုံးသွင်း၏။ နေ့ဟူသော အမှတ်အသား
'ဒိဝါသညာ'ကို ဆောက်တည်၏။ နေ့ဖြစ်သော အခြင်းအရာအားဖြင့် ညဥ့်သည် ဖြစ်၏။
ညဉ့်ဖြစ်သော အခြင်းအရာအားဖြင့် နေ့သည် ဖြစ်၏။ ဤသို့ ဟင်းလင်းအပြင်ရှိသော
မမြှေးယှက်အပ်သော စိတ်ဖြင့် အရောင်တောက်ပခြင်းရှိသော စိတ်ကို ပွါးစေ၏။
ထိုသူသည်
ထိုသို့သောအခြင်းအရာအားဖြင့် ပွါးစေအပ်သော၊ စင်ကြယ်သော၊
ဖြူစင်သောစိတ်ဖြင့် သတ္တဝါတို့၏ စုတိပဋိသန္ဓေကို သိသောဉာဏ်အကျိုးငှါ စိတ်ကို
ရှေးရှုပို့ဆောင်၏။ ရှေးရှုညွတ်စေ၏။ ထို သူသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏
မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခု'ဉာဏ်ဖြင့်
သေဆဲသတ္တဝါ၊ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်သော သတ္တဝါ၊ မြတ်သော သတ္တဝါ၊ အဆင်းလှသော
သတ္တဝါ၊ အဆင်းမလှသော သတ္တဝါ၊ ကောင်းသော လားရာရှိသောသတ္တဝါ၊ မကောင်း သော
လားရာရှိသောသတ္တဝါတို့ကို မြင်၏။ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို
သိနိုင်၏။
''အချင်းတို့
စင်စစ် ဤသတ္တဝါတို့သည် ကိုယ်ဖြင့်ပြုသော မကောင်းသောအကျင့်
'ကာယဒုစရိုက်'နှင့် ပြည့်စုံကုန်၏။နှုတ်ဖြင့်ပြုသော မကောင်းသောအကျင့်
'ဝစီဒုစရိုက်'နှင့် ပြည့်စုံကုန်၏။ စိတ်ဖြင့်ပြုသော မကောင်းသောအကျင့်
'မနောဒုစရိုက်'နှင့် ပြည့်စုံကုန်၏။ အရိယာတို့ကို စွပ်စွဲကုန်။ မှားသော
အယူရှိကုန်၏။ မှားသော အယူဖြင့် ပြုသောကံ ရှိကုန်၏။ ထိုသတ္တဝါတို့သည်
ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ
ပျက်စီး၍ကျရောက်ရာ ငရဲ၌ ဖြစ်ပေါ် ကုန်၏။
အချင်းတို့
ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့်ပြုသော ကောင်းသောအကျင့် 'ကာယသုစရိုက်'နှင့်
ပြည့်စုံကုန်၏။နှုတ်ဖြင့်ပြုသော ကောင်းသောအကျင့် 'ဝစီသုစရိုက်'နှင့်
ပြည့်စုံကုန်၏။ စိတ်ဖြင့်ပြုသော ကောင်းသော အကျင့် 'မနောသုစရိုက်'နှင့်
ပြည့်စုံကုန်၏။ အရိယာတို့ကို မစွပ်စွဲကုန်။ မှန်သော အယူရှိ ကုန်၏။ မှန်သော
အယူဖြင့် ပြုသောကံ ရှိကုန်၏။ ထိုသူတို့သည် ခန္ဓာကိုယ်ပျက်စီး၍
သေပြီးသည်မှ့နောက်၌ ကောင်းသောလားရာ နတ်ပြည်၌ ဖြစ်ပေါ်ရကုန်၏''ဟု (သိ၏)။
ဤသို့လျှင်
အထူးသဖြင့်စင်ကြယ်သော လူတို့၏မျက်စိထက်သာလွန်သော နတ်မျက်စိနှင့်တူသော
'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲသတ္တဝါ၊ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်သော သတ္တဝါ၊ မြတ်သော
သတ္တဝါ၊ အဆင်းလှသော သတ္တဝါ၊ အဆင်းမလှသော သတ္တဝါ၊ ကောင်းသော လားရာရှိသောသတ္တဝါ၊
မကောင်း သော လားရာရှိသော သတ္တဝါတို့ကို မြင်၏။ ကံအားလျော်စွာ ဖြစ်ပေါ်သော
သတ္တဝါတို့ကို သိနိုင်၏။
ထိုတရားသဘောသည်
သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ်သော အနက်သဘောကြောင့်
ပညာမည်၏။ ထို့ကြောင့် အရောင်အလင်း၏ အစွမ်းအားဖြင့် ထူးခြားသော၊ တူမျှ သော
ရူပနိမိတ်တို့ကို မြင်ခြင်း၌ ဖြစ်သောပညာကို ဒိဗ္ဗစက္ခုဉာဏ်ဟု ဆိုအပ်၏။
No comments:
Post a Comment